တပေါင်း နွေရက်
ဟောင်းကြွေသက်၍
ဆောင်းငှက် အိမ်ပြန်ပါတော့မည်။
သွားတူနားတူ၊ စားအတူပင်
ကြည်ဖြူမပျက်၊ မိတ်ဆွေငှက်တို့
နှုတ်ဆက်ပါကြောင်း၊ တေးချို ညောင်းစဉ်
ဆောင်းငှက် အိမ်ပြန်ပါတော့မည်။
အတူတကွ၊ နားခိုကြခိုက်
ချမ်းမြစေချင်၊ အေးစေချင်၍
ရင်မှ ရွေးထုတ်၊ တေးတစ်ပုဒ်ကို
ကျွန်ုပ်သီကြွေး၊ ဖျော်ဖြေပေးလည်း
အအေးသည့်ခါ၊ အေးသည့်ခါနှင့်
မသာသည့်ခိုက်၊ သာသည့်ခိုက်နှင့်
မကြိုက်ဘိတုံ၊ ကြိုက်ဘိတုံနှင့်
ဆူကြုံသင့်မျှ ၊ မရှိကလျှင်
နားဝမအေး၊ ငှက်ကလေးဟု
ဆဲရေးနှုတ်ခြွေ၊ ပုတ်ခတ်ပေလည်း
"စေတနာသည်သာ ၊ ကံကြမ္မာ" ဟု
စိတ်မှာ လျှော့ဖြေနေတော့မည်။
တပေါင်း ဂိမ္မေ၊ ရော်ရွက်ကြွေသည်
နွေသဘာဝ၊ နွေကာလမို့
ခြွေချရက်စွာ၊ မသက်ညှာဟု
စိတ်မှာ ငြိုငြ်၊ အမြင်တိုလျက်
ပင်အိုသို့လျှင် ၊ ပြစ်မတင်ပါ
ချစ်ခင်မပျက် ၊ သည်တစ်သက်တွင်
တစ်ရက်ခိုဖူး၊ သင့်ကျေးဇူးကို
အထူးဆင်ခြင်နေတော့မည်။
ဝေဟင်မြေပြင်၊ ရေအလျဉ်၌
လေနှင်ရာပြောင်း၊ အတောင်ညောင်းမို့
ဆောင်းငှက်မိခင်၊ မေတ္တာရင်၌
ကြည်လင်ချမ်းမြ၊ တေးဓမ္မကို
အေးမြရွှင်ချို၊ ကောင်းစွာဆိုလျှက်
နားခိုအိပ်စက်ပါဦးမည်။
သြော်. . . တပေါင်းနွေရက်
ဟောင်းကြွေသက်၍
ဆောင်းငှက် အိမ်ပြန်ပါတော့မည်။
မြင်းမူမောင်နိုင်မိုး
အားလုံးကိုချစ်ခင်လေးစားလျှက်...
ဧရာဝတီစာကြည့်တိုက်မှ မတ်လ ၁၄ရက် ၂၀၁၀ တွင် ကူးယူထားပါသည်။
Print this post
Label ကဗျာ
Sunday, March 14, 2010
Subscribe to:
Post Comments (Atom)

No comments:
Post a Comment